ကယားပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် စံပြဝက်မွေးမြူရေးခြံ ကြည့်ရှု စစ်ဆေး

လွိုင်ကော် ဇူလိုင် ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အဖော်ထည်ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပဒါးညေးကျေးရွာ၊ စက်မှု လယ်ယာစနစ်ကျလယ်မြေ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာ ယခုမိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအနေဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် စိုက်ပျိုးနည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိရိုးဖလာစိုက်ပျိုးခြင်းမှ ခေတ်မီစိုက်ပျိုးနည်းစနစ်များကိုအသုံးပြု၍ မိမိတို့၏လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရုံမက ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အထူး သဖြင့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှလည်း စိုက်ပျိုးရေးကဏ္ဍအတွက်လိုအပ်သည့် မျိုး၊ မြေ၊ ရေနှင့် အရင်းအနှီးများကိုတတ်နိုင်သ၍ ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ ထို့အပြင် သီးနှံများသီးထပ်သီးညှပ်စိုက်ပျိုးခြင်းနှင့် ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများကိုလည်း ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တောင်သူများမိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရန် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအား အကျယ်တဝင့်ရှင်းလင်းတင်ပြပြီး တောင်သူများသိလိုသည့် အချက်များအား ပြန်လည်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာမှ အောင်နိုင်တိုး မိုးစပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ ပဒါးညေး၊ လယ်ထွဲနှင့် နွားလဝိုးရွာမကျေးရွာများမှ အောင်နိုင်တိုးနှင့် ရွှေအပ်စပါးစိုက် တောင်သူများအားလည်းကောင်း ယူရီး ယားဓာတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား သက်သာသောနှုန်းထားဖြင့်ရောင်းချပေးမည့် ယူရီးယားဓာတ်မြေသြဇာများ ခင်း ကျင်းထားမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ သီးရွက်ဖြန်းအားဆေးများ စနစ်တကျအသုံးပြုပုံအား ရှင်းလင်းပြောကြားမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စက်မှုလယ်ယာစနစ်ကျလယ်မြေကွင်းအမှတ် ၁၂၆(က) တောင်သူခွန်ချစ်ဦးပိုင်လယ်မြေတွင် အောင်နိုင်တိုးစပါးမျိုးဖြင့် ပညာပေးကွင်းသရုပ်ပြစိုက်ပျိုးနေမှုနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီး နှုက်ဆက်အားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ပြည်နယ်၏မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြပညာပေး ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက DYL ဝက်မျိုးများအား အစာကျွေးမွေးမှုစနစ်၊ မျိုးဝက်နှင့် အသားတိုးဝက်များ ခွဲခြားမွေးမြူထားရှိမှုများ၊ သားစပ်သားဖောက်စနစ်များ၊ ခြင်လုံ၊ ယင်လုံ၊ လေကာစနစ်၊ အညစ် အကြေးများ အစို၊ အခြောက်ခွဲစားစွန့်ပစ်စနစ်များ ဆောင်ရွက်ထားရှိမှုများ၊ အစာသိုလှောင်ရုံနှင့် ရေလှောင်ကန်မှရေပေးဝေမှုစနစ်များ ဆောင်ရွက်ထားရှိမှုအခြေအနေအား လိုက်လံရှင်းလင်း တင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးဖြစ်သည့်အတွက် ဝက်မွေးမြူရေးဆောင်ရွက်လိုသူများအား စနစ်တကျပညာပေးသရုပ်ပြသနိုင်ရေးနှင့် ဝက်သားပေါက်များကို စဉ်ဆက်မပြတမွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံအသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ မကျရောက်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)