မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဇူလိုင် ၂၀

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဖူဆယ် ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံ၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် လူငယ်လူရွယ်များ ကောင်းမွန်သည့် အလေ့အကျင့်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ ဖူဆယ်အားကစားနည်းကို လူအများ စိတ်ပါဝင်စားလာပြီး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိလာစေရန်နှင့် မွန်ပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်း အောင်မြင်မှုရရှိစေရန်ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် အသင်းလိုက်ယှဉ်ပြိုင်ရတဲ့အတွက်ကြောင့် နည်းစနစ်ကြွယ်ဝမှု နည်းဗျူဟာကောင်းမွန်မှု၊ အချင်းချင်းတစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ၊ အချိတ်အဆက်မိမိနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်သလို ကြံ့ခိုင်မှု၊ လျင်မြန်မှုတွေရှိအောင်လည်း လေ့ကျင့်ထားရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ် ဖူဆယ်အသင်းနှင့် ရေးမြို့နယ်ဖူဆယ် အသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဇူလိုင်လ(၁၉) ရက်နေ့မှ (၂၃)ရက်နေ့အထိ (၅)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)