မော်လမြိုင် ဇူလိုင် ၁၉
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျ လာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ဦီးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မိုးရာသီစိုက်ပျိုးမည့်အပင်များအား ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး အရိပ်ရသစ်ပင်အမျိုးအစားများအား တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အများပြည်သူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ စိုက်ပျိုးရေး (ဗဟို) မျိုးသန့်ခြံအတွင်း ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သည့် မိုးစပါး(Fs-Rs) မျိုးစေ့ထုတ် စိုက်ခင်းများနှင့် သုတေသနစိုက်ခင်းများ ကွင်းသရုပ်ပြပွဲအခမ်းအနားသို တက်ရောက်၍ စိုက်ပျိုးရေး (ဗဟို) မျိုးသန့်ခြံတာဝန်ခံ ဦးဇော်လင်းက စိုက်ပျိုးရေး(ဗဟို)မျိုးသန့်ခြံ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် သုတေသနစိုက်ခင်းများအတွင်း မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်းများ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမှာ ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ တောင်သူများအား မျိုးမှန်၊ မြေမှန်၊ ရေမှန်၊ စိုက်နည်းမှန် နည်းစနစ်ကောင်းများနှင့် လယ်ယာသုံးစက်ကရိယာများ ကူညီဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေ့ဖြင့်လည်း လျာထားသီးနှံများ၏ စိုက်ဧကများ ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျ စိုက်ပျိုးကြစေလိုကြောင်း၊ မျိုးကောင်း/မျိုးသန့်များ ပိုမိုစမ်းသပ် စိုက်ပျိုးထုတ်လုပ်ကာ ဒေသခံတောင်သူများ လက်ဝယ်အရောက် ဆောင်ရွက်ပေးမှသာ တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်မည်ဖြစ်ကာ စပါးအထွက်နှုန်း ကောင်းမွန် မည်ဖြစ်၍ ဒေသခံတောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံတောင်သူများက ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ ကျေးရွာအားကစားကွင်းနှင့် ဈေးမြေနေရာရရှိရေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးရေး(ဗဟို)မျိုးသန့်ခြံအတွင်း မိုးစပါး FS - RS မျိုးစေ့ထုတ်စိုက်ခင်းအတွင်း တောင်သူများ ကွင်းသရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကာ ကောက်စိုက်သမများအား ချီးမြင့်ငွေနှင့် အာဟာရမုန့်များ ပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး(ဗဟို)မျိုးသန့်ခြံအတွင်း မြေချဉ် (pH နိမ့်) ဒေသများတွင် ထုံးနှုန်းထားအမျိုးမျိုး ထည့်သွင်း၍ စပါးအထွက်နှုန်းကို သုတေသနပြု လေ့လာခြင်း စမ်းသပ်ကွက်၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများအသုံးပြု၍ မြေဆီလွှာ၏ ထုတ်လုပ်နိုင်စွမ်းအားကို သုတေသန ပြုလေ့လာခြင်း စမ်းသပ်ကွက်၊မိုးစပါး စိုက်နည်းစနစ် ယှဉ်ပြိုင်ခြင်း သုတေသနစမ်းသပ်ကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)