ရေးမြို့နယ်၌ သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေး ဇူလိုင် ၁၉

မွန်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အ-ထ-က(၃) နှင့် အ-မ-က(၆)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသန်းဌေးအောင်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများမှ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပြုကာကွယ် လိုက်နာရမည့် အချက်များ၊ အလားတူ ငလျင်ဘေးအန္တရာယ် ပြင်းအားများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားတတ်၍ ကြိုတင်သတိပြုလိုက်နာရမည့် အချက်များ၊ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ရှောင်ရန်/ဆောင်ရန် အချက်များ၊ ငလျင်လှုပ်ခတ်နေစဥ် ကာလ၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် အချက်များ၊ အရေးပေါ်လိုအပ်မည့် ပစ္စည်းများ ကြိုတင်ဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရေးတို့ကို အသေးစိတ် ရှင်းလင်းဟောပြောပေးသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ