မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တို့၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများအားလုံး၏ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားဖြစ်ပြီး အားကစားနှင့်သက်ဆိုင်သောနေရာများတွင် စိမ်းလန်းစိုပြေစေဖို့၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်တွေထိန်းသိမ်းနိုင်ဖို့နဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဌာနဝန်ထမ်းများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိပြီး အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်းစတဲ့ထူးကဲတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် အဖိုးတန်သစ်မျိုး၊ ဒေသမျိုးရင်းသစ်မာသစ်မျိုး၊ ရာသီအလိုက်ဖူးပွင့်သည့်အပင်မျိုး၊ ကြီးမြန်သစ်မျိုး၊ အမြဲစိမ်းသစ်မျိုး၊ အရိပ်ရသစ်မျိုးစသည့် အမျိုးအစားစုံလင်စွာတွေ့ရှိနိုင်ပြီး အပင်အမျိုးမျိုးကို အစီအစဉ်တကျစိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆိုသည့်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဌာနဆိုင်ရာ၊ ပြည်သူလူထုနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မိုးရာသီစိုက်ပျိုးမည့်အပင်များအား စိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရိပ်ရသစ်မာအမျိုးအစားများအား တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ ဝန်ထမ်းများက တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာနွယ်ဆရာတော်၏ သက်တော် (၄၆) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာနွယ်ဆရာတော်ရဲ့ ကုသိုလ်ပြုမှုနှင့်ကုက္ကိုလ်ပင်၊ အခြားကြီးမြန်အပင် စုစုပေါင်း (၁၈၉) ပင်ကို သစ်တောဦးစီးဌာန၏ပူးပေါင်းကူညီပါဝင်မှုဖြင့် စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ရဟန္တာ (၅၀၀)၊ ယောက်ကော်ဘုန်းကြီးကျောင်း၊ ကမ္ဘာလုံးဘုန်းကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာတို့ကို သွားရောက်သည့် လမ်းဘေး ဝဲ/ ယာ မှာ အရိပ်အာဝါသကောင်းမွန်ပြီး စိမ်းလန်းသာယာစေဖို့ အားလုံးစုပေါင်းပါဝင်မှုနှင့် စိုက်ပျိုးကြသည့်အတွက် ကုသိုလ်လည်းရဝမ်းလည်းဝ ဆိုသည့်အတိုင်း အလွန်ဝမ်းမြောက်ကြည်နူးရပါကြောင်း၊ သစ်ပင်သစ်တောများဟာ သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီး သာယာလှပစေဖို့နဲ့ သက်ရှိများ ကောင်းမွန်စွာရှင်သန်နိုင်ဖို့ များစွာပံ့ပိုးကူညီပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းပေးပြီး ဂေဟစနစ်များ တည်ငြိမ်စေပါကြောင်း၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အလွန်အရေးပါတဲ့ သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သာသနာနွယ်ဆရာတော်ဦး‌ဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မိုးရာသီစိုက်ပျိုးမည့်အပင်များအား စိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်မာအမျိုးအစားများဖြစ်သော ကုက္ကိုလ်၊ မယ်ဇယ်၊ ခရေ၊ ရင်ခတ်၊ အနန်း၊ စိန်ပန်း(နီ)၊ စိန်ပန်း(ဝါ)၊ ရေတမာ စသည့် သစ်ပင်အမျိုးအစားများအား ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာနွယ်ဆရာတော်အရှင်သူမြတ်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)