ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ ကိုယ်ကာယာကျန်းမာကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပြုလုပ်သည့် ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးက မြို့နယ်အတွင်းရှိ‌ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် အကောင်အထည်ဖော်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်  ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်သွားနိုင်ရေးအတွက် ပညာရေးဌာနမှပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းပြောကြားပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်း(ကျောင်းကျန်းမာရေး ဆရာဝန်)က ကျောင်းကျန်းမာရေးပြစုစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးအဆင့်(၁) ဦးမောင်မောင်ချမ်းသင်က ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများက မြို့နယ်အတွင်းဆောင်ရွက်မည့် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းလုပ်ဆောင်မည့်အခြေအနေများနှင့် လုပ်ဆောင်သင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )