ပခုက္ကူမြို့နယ်တွင် ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ငါးကျောင်းထပ်မံ ယာယီပိတ်ထားရ

ပခုက္ကူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ရေများ ဝင်ရောက်ခဲ့မှုကြောင့် အခြေခံပညာစာသင်ကျောင်း ငါးကျောင်း၌ ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း ငါးကျောင်းထပ်မံ ယာယီပိတ်ထားရကြောင်း၊ မြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ဇူလိုင်လ ၃ ရက်တွင် အခြေခံပညာမူလတန်းလွန်(ပခုက္ကူကျွန်း)ကျောင်း၊ ဇူလိုင်လ ၇ ရက်တွင် အခြေခံပညာမူလတန်း(ကြားကျွန်း)ကျောင်း၊ အခြေခံပညာမူလတန်း(သိမ်းကုန်း/မရိုးကုန်း)ကျောင်း၊ အခြေခံပညာအလယ်တန်း(ဘောလုံးခုံ)ကျောင်း၊ ဇူလိုင်လ ၁၄ ရက်တွင် အခြေခံပညာမူလတန်းလွန်(ရှားတော)ကျောင်း၊ ယနေ့ဇူလိုင်လ ၁၅ ရက်တွင် အခြေခံပညာမူလတန်း(မြဇလုပ်)ကျောင်း၊ အခြေခံပညာမူလတန်း(ရှားပင်ကိုင်း)ကျောင်း၊ အခြေခံပညာမူလတန်း(ထောက်ရှာပင်) ကျောင်း၊ အခြေခံပညာအလယ်တန်း(လက်ပံကျွန်း)ကျောင်း စသည့် စုစုပေါင်းစာသင်ကျောင်း (၉) ကျောင်းရှိကြောင်း၊ အဆိုပါ ကျောင်းများရှိ ဆရာ၊ ဆရာမ ၄၁ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၈၉ ဦး၊ စုစုပေါင်း ၉၃၀ ဦးတို့ကို ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)