စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၅

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားသို့ စေတုတ္တရာမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးနှင့် ကလေးစောင့်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က အမှာစကား ပြောကြားသည်။ 

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်‌ပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် “အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း" Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခြင်းနှင့်အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့‌နောက် စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်ကိုသွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ ဆုရရှိသူများ၊ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)