စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၅)နှင့် အခြေခံ တရုတ်/ ဂျပန်စကားပြော သင်တန်းများဖွင့်ပွဲ အခမ်းအနားနှင့် သူနာပြုသားဖွား သင်တန်းကျောင်း(မုံရွာ)အထူးနေ့လယ်စာစားပွဲတက်ရောက်

မုံရွာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၄/၂၀၂၅)နှင့် အခြေခံ တရုတ်/ဂျပန်စကားပြောသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်မောင်မယ်များ နည်းပညာနှင့် နီးစပ်မှုရှိအောင်၊ တတ်ကျွမ်းနားလည်မှုရှိအောင် ယခုလိုကွန်ပျူတာသင်တန်းများအား တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကလေးမြို့များတွင် စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ၂၀၂၃ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ သင်တန်းပေါင်း ၇၀ ကြိမ်တွင် သင်တန်း သားပေါင်း ၉၇၀ ဦးအား ကျွန်ပျူတာပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လည်ပတ်စရာများ၊ လေ့လာစရာများ ပြည့်ဝနေသည့် တိုင်းဒေသကြီး ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာပါက ပြောဆိုနိုင်ရန်၊ ဝမ်းစာပြည့်ဝရန် ကမ္ဘာသုံးဘာသာစကားများ တတ်မြောက်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့ ပညာသင်ကြားရန်၊ လေ့လာရန် အလုပ်အကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင် အသုံးများသည့် ဘာသာစကားများ တတ်မြောက်ထားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းအားစည်းကမ်းတကျနှင့် ပြီးဆုံးသည်အထိ တက်ရောက်သွားကြရန်နှင့် အခြေခံမှသည် အဆင့်မြင့်တက်မြောက်သည်အထိ ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၅)နှင့် အခြေခံတရုတ်/ဂျပန်စကား ပြောသင်တန်းများ အတွက် ငွေကျပ် ၁၆၃၀၀၀၀ (တစ်ဆယ်ခြောက်သိန်းသုံးသောင်း)ကျပ်အား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းထံ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကွန်ပျူတာ သင်တန်းအမှတ်စဉ်(၄/၂၀၂၅) နှင့် အခြေခံတရုတ်/ဂျပန်စကားပြောသင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါရုံးရှိ ကွန်ပျူတာသင်တန်းခန်းမအတွင်း ကွန်ပျူတာသင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ)၌ ကျင်းပပြုလုပ်သည့် အထူးနေ့လည်စာစားပွဲသို့ တက်ရောက်ရာ သူနာပြုသားဖွားသင်တန်းကျောင်း(မုံရွာ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အထူးနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် သောက်ရေသန့်စက်အတွက် ငွေကျပ် ၁၄၅ သိန်းကျပ်အား ကျောင်းအုပ် ဆရာမကြီးထံသို့လည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သူနာပြု သားဖွားသင်တန်းကျောင်း(မုံရွာ)အတွက် ငွေကျပ် ၁၀ သိန်းအား ဒုတိယကျောင်းအုပ် ဆရာမကြီးထံသို့လည်းကောင်း ပေးအပ်ခဲ့ကြသည်။   

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ သင်တန်းသား/ သင်တန်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသည့် တစ်ရက်လျှင် လီတာ ၂၅၀ ထွက်ရှိသည့် ရေသန့် စက်တပ်ဆင် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)