ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် ဇူလိုင် ၁၅

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.ကဖိုးသိန်းတန်ကျောင်းတွင် ယမန်နေ့၊ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.မ.က(ဖိုးသိန်းတန်)ကျောင်းမှ  ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့်အသက်အရွယ်နှင့် ဥပ ဒေပါအကြောင်းအရာများကို လည်းကောင်း၊ အာဇာနည်၏အဓိပ္ပာယ်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံစသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများအကြောင်း၊ သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေကအကြောလျော့နည်း၊ အားကစားနည်း(၄)မျိုးနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက "အစာမစားတဲ့ဇနီး" ခေါင်းစဉ်ဖြင့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)