နတ်မောက်မြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း (၁၃၄၆၇၀) ဧက စိုက်ပျိုးပြီးဖြစ်

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို (၁၈၆၅၉၅) ဧက လျာထားပြီး (၁၃၄၆၇၀) စိုက်ပျိုးပြီးဖြစ်ကြောင်း နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်း (၁၈၆၅၉၅) ဧကစိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ (၁၃၄၆၇၀) ဧက စိုက်ပျိုးပြီးဖြစ်ကာ လျာထားဧကပြည့်မီအောင် မိုးနှောင်းကာလများတွင် ရာသီအလိုက် စိုက်ပျိုးသင့်သည့် အရည်အသွေးကောင်းပြီး အထွက်နှုန်း ကောင်းမွန်သည့် နှမ်းမျိုးများကို တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်သည်။

ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို အထွက်နှုန်း ကောင်းမွန်အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးဆီဖူလုံစေမည့်အပြင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နှမ်းအထွက်နှုန်း တိုးတက်ရေး စံပြကွက်များ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

လှဝင်း