ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်တွေ  ဇူလိုင်  ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း အားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွနေထိုင်လာခဲ့ကြကြောင်း၊ မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ၊ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံး တမ်းအစဉ်အလာများမည်သို့ပင် ကွဲပြားစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးအတူပူအမျှစည်းလုံးညီညာစွာဖြင့် လက်တွဲနေထိုင်ခဲ့ကြသည့် မိသားစုများဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့တွင်ရှိသော စွမ်းအားအရင်းအမြစ်များကို လူမှန်နေရာမှန်အသုံးပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ကောင်းမွန်းသောရလဒ်များရရှိခဲ့ပြီး တိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာသင်တန်းများ အခြေခံစက်ချုပ်သင်တန်းများ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများ သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များ၊ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်းရင်းသားရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ယာယီနေရပ်စွန့်ခွာစုရပ်များတွင်နေထိုင်ကြသော တိုင်းရင်းသားများကို စစ်တမ်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစစ်တမ်းရလဒ်အရ တိုင်းရင်းသားများအနေဖြင့် ဦးစားပေးဖွင့်လှစ်ပေးစေ လိုသော သင်တန်းများကို ရွေးချယ်ဖော်ပြရာတွင် စက်ချုပ်သင်တန်းကို ပထမဦးစားပေးအနေဖြင့် ရွေးချယ်ထားသည့်အတွက် အခြေခံစက်ချုပ်သင်တန်းကို ဦးစားပေးဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သက်မွေးဝမ်းကျောင်း ပညာရပ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါကြောင်း၊ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ခြင်းဖြင့် မိမိကိုယ်ပိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည်အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးကို အဓိကတည်ဆောက်ကြရကြောင်း၊ ပညာရေးထဲတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်သည်လည်း အဓိကကျသော ပညာရပ်တစ်ခုဖြစ်သည့်အတွက် ထိုပညာရပ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံအနာဂတ်၊ ပြည်နယ်အနာဂတ်နှင့် မိမိတို့အနာဂတ်အတွက် အခိုင်အမာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းသည် အလွန်အကျိုးရှိသော သင်တန်းဖြစ်၍ သင်တန်းသူများအနေဖြင့် ဂရုတစိုက်လေ့လာသင်ယူကြရမည်ဖြစ်သကဲ့သို့ သင်ကြားပေးကြမည့် နည်းပြများ အနေဖြင့်လည်း စေတနာထားပြီး စနစ်တကျသင်ကြားပေးကြရန် မှာကြားလိုကြောင်း၊ ကြိုးစားနေသူအတွက် အခွင့်အလမ်းသည် ပေါ်လာစမြဲဖြစ်သည့်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူကြပြီး မျက်စိဖွင့်နားစွင့်ကာ အခွင့်အလမ်းကို အမြဲတမ်းရှာဖွေ လေ့လာနေမည်ဆိုလျှင် တစ်နေ့အောင်မြင်သော လူတစ်ယောက်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်းအတွက်ချီးမြှင့်ငွေကျပ် သိန်း(၁၈၀) ကို  ပေးအပ်ရာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ကြီးတို့က လက်ခံကြသည်။ ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အခြေခံစက်ချုပ် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် သင်တန်းသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားသို့တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဝယ်ယူခြင်း၊ သယ်ယူခြင်းနှင့် လုပ်အားခများအား ဒေသန္တရပေါက်ဈေးနှုန်းသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် ရန် ရန်ပုံငွေများခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများနှင့် လုပ်သားရှားပါးခြင်းများကြုံတွေ့လျက်ရှိသည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွက် သင့်လျော်သော ဒေသန္တရပေါက်ဈေးများ အတည်ပြုပေးရန် ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုချထားပေးသော ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုသင့်လျော်သော ဒေသပေါက်ဈေးများ သတ်မှတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဝယ်ယူ ခြင်း၊ သယ်ယူခြင်းနှင့် လုပ်အားခများအား ဒေသန္တရပေါက်ဈေးနှုန်း သတ်မှတ်ရေးနှင့် ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးက ဒေသန္တရပေါက်ဈေးနှုန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒေသန္တရပေါက်ဈေးနှုန်းသတ်မှတ်နိုင်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)