ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၄

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီဒုတိယရဲမှူးကြီး သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိနိုင်သည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာများ၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ပခုက္ကူ)မှ ဒုတိယရဲအုပ်ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် နည်းလမ်းများ၊ လူကုန်ကူးခံရသူများတွေ့ကြုံရသည့် ဆိုးကျိုးပြဿနာများ၊ ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်သည့် အလုပ်အကိုင်အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းသား သင်တန်းသူများ စုစုပေါင်း  ၅၉၃ ဦး တက်ရောက်ကြပြီး ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာပြန်လည်ဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)