ဒေးဒရဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြိုင်၊ ဖျာပုံခရိုင် တရားသူကြီး ဒေါ်မိုးမိုးခိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၁၁)နာရီက ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ပိုထွန်းနှင့် တာဝန်ရှိသူများက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အချုပ်ထောင်အတွင်းရှိ အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အဆောင်များကြံ့ခိုင်မှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့သည်။ ဆက်လက်၍ အချုပ်သား၊ အချုပ်သူများအား ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ၊မရှိ၊ ဥပဒေနှင့်မညီပဲ မတရားဆောင်ရွက်မှုရှိ၊ မရှိ၊ နေရာ ထိုင်ခင်း သက်သာချောင်ချိမှု ရှိ၊မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ၊ မရှိ၊ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ၊မရ၊ အချုပ်တရားခံများအပေါ် နှိပ်စက်ညှင်းပန်းမှု၊ မတရားပြုမှုရှိ၊ မရှိ၊ ဥပဒေအရ ရရှိသော အယူခံ၊ ပြင်ဆင်အခွင့်အရေး မှန်ကန်စွာရရှိပြီး ကျင့်သုံးနိုင်မှုရှိ၊ မရှိစသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချုပ်ခန်းတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်တရားရုံးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)