ဒလ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် အထူးသဖြင့် လူငယ်များကြားတွင်ဖြစ်ပေါ်နေပြီး လူငယ်များ၏အနာဂတ်ကို ပျက်စီးစေနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်မိတ်ဖွဲ့ခြင်း မပြုလုပ်ရန်၊ မည်သည့်မူးယစ်ဆေးဝါးများကိုမှ စမ်းသပ်သုံးစွဲခြင်းမပြုလုပ်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တက်သော ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိူများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြင်ပစာပေဗဟုသုတ မေးခွန်းများမေးမြန်းရာ အဖြေမှန်ရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အင်အား(၂၀၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ အသိ ပညာပေး နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)