ဂန့်ဂေါ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အမှတ် (၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူ အသင်းများပါဝင်သည့် ၂၀၂၅ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ဇူလိုင်လ (၁၁) ရက်နေ့ ညနေ ၃နာရီခွဲအချိန်မှစတင်၍ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၅ ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အုပ်စု (က) မှ အမှတ် (၁) ဘောလုံးအသင်းနှင့် အမှတ် (၃) က ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ဇူလိုင်လ (၁၂) ရက်နေ့တွင် ဒုတိယနေ့ပွဲစဉ်အဖြစ် အုပ်စု (ခ) မှ အမှတ် (၃) ခအသင်းနှင့်အမှတ် (၄) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ် (၄) အသင်းက အမှတ် (၃) ခအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့တွင် တတိယနေ့ပွဲစဉ်အဖြစ် အုပ်စု (ခ) မှ ရဲတပ်ဖွဲ့အသင်းနှင့် အမှတ် (၂) အသင်းတို့ ဆက်လက်၍ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
အဆိုပါ နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဘောလုံးအသင်း (၉) သင်း ဖြစ်သည့် ညွန့်ပေါင်းအသင်း၊ အမှတ် (၁) အသင်း၊ ခ.လ.ရ (၅၀) က အသင်း၊ အမှတ် (၃) ကအသင်း၊ အမှတ် (၃) ခအသင်း၊ ရဲတပ်ဖွဲ့အသင်း၊ အမှတ် (၄) အသင်း၊ အမှတ် (၂) အသင်းနှင့် ခ.လ.ရ(၅၀)ခ အသင်းတို့ဖြင့် အုပ်စု(၂) အုပ်စုခွဲကာ အုပ်စုပတ်လည်ပွဲစဉ်များကို ဇူလိုင်လ (၁၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့နှင့် ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားများကို ဇူလိုင်လ (၃၁) ရက်နေ့တွင် ခရိုင်ပြည်သူ့အားကစားကွင်းကြီးအတွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း