ပေါင်းတည်၌ အောင်နိုင်တိုးစပါးမျိုး‌စေ့ထုတ် (RS) စိုက်ခင်းအတွက် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး   

ပေါင်းတည် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ဌာနခွဲရှိ မျိုးသန့်ခြံအတွင်း မျိုးကောင်းမျိုးသန့် အထွက်ကောင်းစပါးမျိုးများ မျိုးစေ့ထုတ်လုပ်ရန် ယနေ့နံနက်ပိုင်းက အောင်နိုင်တိုးစပါးပင်များကို လက်ဆွဲကောက်စိုက်များဖြင့် စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမှုလုပ်ငန်းကို မျိုးသန့်ခြံတာ၀န်ခံ ဒေါ်ဌေးဌေးတင်က အနီးကပ်ကြီးကြပ်ကာ မျိုးသန့်ခြံစိုက်ပျိုးရေး၀န်ထမ်းများနှင့်အတူ စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် အောင်နိုင်တိုးစပါး(RS) ၅ဧက စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မျိုးကောင်း၊ မျိုးသန့် အထွက်ကောင်း စပါးမျိုး တစ်မျိုးဖြစ်သည့် ဆင်းသုခစပါးမျိုးကိုလည်း ၅ဧက စိုက်ပျိုးထားလျက်ရှိ‌ကြောင်း၊ ထို အောင်နိုင်တိုးစပါးနှင့် ဆင်းသုခစပါးမျိုးများကို နွေစပါးအမီ မျိုးစေ့ထုတ်သန့်စင်ကာ တောင်သူများအားဖြန်ချိရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မျိုးစေ့ထုတ်ဌာနခွဲ တာဝန်ခံ ဒေါ်ဌေးဌေးတင်က ရှင်းပြသည်။

ထိုမျိုးစေ့ထုတ်စိုက်ခင်းများအပြင် သုတေသနပြုစိုက်ခင်း တစ်ဧကနှင့်မျိုးယှဉ်ပြိုင် စိုက်ကွက်များ၊ မြေဩဇာစမ်းသပ်ကွက်များနှင့် ခေါင်နှံမျိုးထိန်းစိုက်ကွက်များလည်း စိုက်ပျိုးထားကြောင်း သိရသည်။

မျိုးသန့်ခြံဌာနခွဲမှ လယ်ယာကဏ္ဍထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်‌စေရနတောင်သူများ‌အနေဖြင့် ဒေသနှင့်ကိုက်ညီဆီလျော်သည့် စပါးမျိုးများကို စိတ်ကြိုက်ရွေးချယ်စိုက်ပျိုးနိုင်စေရန်နှင့် မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်လျက် နိုင်ငံ့စီးပွားနှင့်တောင်သူအကျိုးစီးပွားဖြစ်ထွန်းစေရန် အထွက်ကောင်းမျိုးကောင်း၊ မျိုးသန့်စပါးမျိုး‌စေ့များကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်ဖြန်ချိပေးလျက်ရှိကြောင်း သိရသည်။

ရွှေသား(lPRD)