ပခုက္ကူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီမရွေးအောင်မြင်ဖြစ်ထွန်းသည့် ရုံးပတီသီးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုး စသည့် ရုံးပတီသီးနှံအမျိုးအစားများကို ဘောင်ခတ်စနစ်ဖြင့် နှစ်ပေတန်းခြားနှင့် ပင်ခြား တစ်ပေခွဲစီထား၍ ရာသီမရွေးစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ရုံးပတီသီးနှံတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ ၁၀ Kg ပါ တစ်ထုပ်ကုန်ကျပြီး မျိုး၊သွင်းအားစု၊ စိုက်ပျိုးမြေပြုပြင်စရိတ်နှင့်လုပ်အားခများအပါအဝင် ငွေကျပ် လေးသိန်းခန့် ရင်းနှီးရကြောင်း၊ စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ပုံမှန်အားဖြင့် သုံးရက်ခြားတစ်ကြိမ်နှုန်းဖြင့် ခူးဆွတ် ရောင်းချနိုင်ကြောင်း၊ တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန်ပေါင်း ၁၀၀၀ မှ ၁၂၀၀ ခန့်အထိထွက်ရှိပြီး စိုက်ခင်းအရောက်လာရောက် ဝယ်ယူသည့် ကုန်စိမ်းပွဲစားများရှိသည့်အပြင် မြို့ပေါ်ဈေးကွက်များထံ တင်ပို့ရောင်းချရကြောင်း၊ ဈေးနှုန်းအနေဖြင့် ရုံးပတီသီး အတောင့် ငါးတောင့်လျှင် ငွေကျပ် ၂၀၀ဖြင့်ရောင်းချရပြီး အကျိုးအမြတ်ရရှိကြောင်း၊ ကျေးရွာရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သီးနှံမျိုးစုံစိုက်ပျိုးခြင်းကိုသာ အဓိကထားလုပ်ကိုင်ကြပြီး ရာသီမရွေး အောင်မြင်ဖြစ်ထွန်းခြင်းနှင့်စိုက်ပျိုးရလွယ်ကူခြင်းတို့ကြောင့် ရုံးပတီသီးကို မိသားစုအပိုဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ယခုအခါစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ရုံးပတီသီးစိုက် တောင်သူများထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)