ဇီးကုန်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက် ပေပင်စု အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦိးစွာ အ.မ.က ပေပင်စုကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် အခြားဗဟုသုတအသိပညာ အတတ်ပညာများအား လေ့လာဖတ်ရှုလေ့လာကြရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများပေါ်ထွန်းလာစေရန် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှုလျော့ကျစေရန်၊ ကျန်းမာကြံ့ခိုင်စေရန် ကာယလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ကြရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်စေရန် အသိ ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဒေါ်ဇင်မာထွန်းက ရုပ်ပြပုံပြင်များပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်နှင့် လူကုန်ကူးမှုပပျောက်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)