မင်းဘူး ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ပြည်သူလူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် ၁၁/၂ မိုင်ရှိ တဲကုန်းကျေးရွာအနီး လေးပင်-အိုင်းမ ကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်လတ်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အမှာစကား ပြောကြားရာ နိုင်ငံတော်အနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ရာသီဥတု မျှတကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အဓိကရည်ရွယ်ပြီး အပူးပိုင်းဒေသ ၁၃ ခရိုင်အား ပြည်သူလူထု လုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ နေရာပေါင်း ၁၅ နေရာ၌ ပျိုးပင်ပေါင်း ၁၇၄၅၀ ပင်ကို တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များကိုလည်း ရှင်သန်ဖြစ်ထွန်း အောင်မြင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းပြီး ပြုစုထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်လတ်စိုးနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီး ပေးအပ်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ပြည်သူလူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပိတောက်၊ တမာ၊ ယူကလစ်၊ ဖျောက်ဆိပ် စသည့် ပျိုးပင်စုစုပေါင်း ၁၀၅၀ ပင်ကို တက်ရောက်လာကြသူများနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ ဧရိယာအတွင်း သစ်ပင် စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)