မော်လမြိုင် ဇူလိုင် ၁၁
၂၀၂၅ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်မြင့်က မြန်မာတစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင်ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ်လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရေး စသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်ကိုးဦး အတ္ထုပ္ပတ္တိဆိုင်ရာ အကြောင်းအရာများ၊ နယ်ချဲ့ဆန့်ကျင်ရေးသူရဲကောင်းများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)