လွိုင်ကော် ဇူလိုင် ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ဒုတိယအကြိမ် လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက အမှာစကားပြောကြားရာတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းကို မြန်မာ့ရိုးရာရက်ကန်းအတတ်ပညာများ ဆက်လက်ထိန်းသိမ်းထားရန်၊ ငယ်ရွယ်သောအမျိုးသမီးငယ်များ အသက်မွေးပညာတတ်မြောက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယခုလက်ရက်ကန်း(၆)လသင်တန်းတွင် ဘာသာရပ်(၅)ခုကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့် သင်တန်းသူများအား နိုင်ငံတော်မှပညာသင်စရိတ်၊ စားသောက်စရိတ်၊ ရေ၊ မီး၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ မွေ့ယာအပြည့်အစုံဖြင့် အဆောင်အခမဲ့နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရမှလည်း သင်တန်းသူများ စားသောက်မှုအဆင်ပြေစေရန် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကျွမ်းကျင်သော ရက်ကန်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် စနစ်တကျ လေ့ကျင့်သင်ကြားသွားကြရန်လိုကြောင်း စသည်ဖြင့်ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသော ဆန်၊ ဆီ စသည့် စာသောက်ကုန်ပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်းများအား သင်တန်းသူများသို့ ပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ လွိုင်ကော်မြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်မြမြချိုက လက်ရက်ကန်းသင်တန်းနှင့်ပတ်သက်၍လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်ဆန်းဝင်းက သင်တန်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ရက်ကန်းသင်တန်း လက်တွေ့ဆောင်အတွင်း လှည့်လည်ကြည့်ရှုကာ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့်သင်တန်းတွင် လက်ရက်ကန်းဘာသာ၊ လက်ချဉ်မျှင်ဆွဲနှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်ဘာသာ၊ အထည်ဒီဇိုင်းဘာသာ၊ အဖြူချွတ်ဆေးဆိုးဘာသာနှင့် အထည်တန်ဖိုးတွက်ချက်မှု ဘာသာရပ်(၅)ခုကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ (၆) လကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)