ဘီးလင်း ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၉ ရက် ညပိုင်းက ရင်ချင်းဆက်အမွှာမိန်းကလေးနှစ်ဦးအား ဘီးလင်းမြို့နယ် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ၁၉၉၂ ခုနှစ်တွင် အေးအေးငြိမ်းနှင့်အိအိငြိမ်း အမွှာညီအစ်နှစ်ဦးအားလည်း ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ပင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့သည်။
ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာနေ ဦးသန့်ဇော်ဦး၏ဇနီး ကိုယ်ဝန်ဆောင်နော်ချောဂေ၏ ရင်ချင်းဆက်အမွှာသမီးလေးနှစ်ဦးအားမွေးဖွားပေးခြင်းကို ဘီးလင်းမြို့နယ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဇူလိုင် ၉ ရက် ည ၉ နာရီ ၄၂ မိနစ်အချိန်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့သည်။
ယခုအခါ မိခင်နှင့် ကလေးနှစ်ဦးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိရာ ကလေးနှစ်ဦး၏ ကိုယ်အလေးချိန်မှာ ၇ပေါင်နှင့် ၇အောင်စ ရှိကြောင်းသိရပြီး ရင်ချင်းဆက်အမွှာကလေးငယ်များအား ခွဲစိတ်ကုသနိုင်ရေးအတွက် ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးနိုင်ရေးစီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)