ဟိုင်းကြီးကျွန်းမြို့ သက္ကယ်သောင်ကျေးရွာအုပ်စုနှင့် ကျေးရွာအသီးသီး၌ ဝါဆိုလှိုင်းခုန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဟိုင်းကြီးကျွန်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နှင့် သက္ကယ်သောင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအသီးသီးတွင် ဝါဆိုလှိုင်းခုန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှစ၍ နှစ်စဥ်ရိုးရာမပျက် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့နှင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နေ ထိုင်ကြသူများသည် ပင်လယ်ကမ်းခြေသို့ မိသားစုများနှင့်အတူ လာရောက်ကြပြီး တစ်ပျော်တစ်ပါးဝိုင်းဖွဲ့စားသောက်ကြခြင်း၊ သီဆိုကခုန်ကြခြင်း၊ ကလေးများနှင့်အတူ ကမ်းခြေတွင် ဆော့ကစားပေးခြင်း၊ မိသားစုအပေါင်းအသင်းများနှင့်အတူ ရေကူးကြ၊ ကစားကြ၊ လှိုင်းခုန်ကြခြင်းဖြင့် ဝါဆိုလှိုင်းခုန်ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ဝါဆိုလှိုင်းခုန်ပွဲတော်ကို ယခုလိုပါဝင်ဆင်နွှဲကြခြင်းအားဖြင့် ကမ်းခြေသူ၊ ကမ်းခြေသားများသည် အချင်းချင်း ပိုမိုစည်းလုံးလာကြပြီး ချစ်ခင်ရင်းနီးမှုကိုရရှိစေသည်ဟု ခံယူထားကြကာ ဝါဆိုလှိုင်းခုန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြခြင်းဖြစ်ပြီး ညနေပိုင်းတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အားရည်မှန်း၍ ပန်းမျိုးစုံ၊ အမွှေးနံသာမျိုးစုံတို့ဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပူဇော်လေ့ရှိကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)