ရွှေဘို ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြို့အောင်မြေကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းအမှတ်စဥ်(၂၁) သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ကအောင်မြေဘုန်းတော်ကြီးကျောင်းခန်းမတွင်ကျင်းပရာ တက်ရောက်လာသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသြသဓ အရှင်သူမြတ်ထံမှ (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ သီတဂူကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာဝုဓ အရှင်သူမြတ်မှ ဩဝါဒချီးမြှင့်ခဲ့ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ၊ စစ်နယ်မြေမှူး နှင့်အရာရှိစစ်သည်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ နိုင်ငံတော်ဗဟိုသံဃ မဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌပါဠိကာရီတုလွတ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသမှ အနုမောဒနာတရားတော် ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဠတု”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့သည်။ ထို့နောက်ဆရာတော် သံဃာတော်များအား၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဝတ္ထုငွေ စုစုပေါင်း တန်ဘိုး (၁၅၆၀၀၀၀၀)ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)