ငဖဲ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၇ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၄၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို ဇွန်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ မကွေး-၁၆ မျိုး ၂၆၆ ဧက၊ တွန်တာနီ ၂၀၂ ဧကနှင့် ဗီယက်နမ် ၁ ဧက စုစုပေါင်း ၄၆၉ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ပြည့်မီရေးဆက်လက် စိုက်ပျိုးလျက်ရှိပါတယ်။ မြေပဲစိုက်တောင်သူများကို အထွက်နှုန်းကောင်းပြီး အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသောမျိုးများကို ရွေးချယ်၍ တိုးချဲ့စိုက်ပျိုးရန်နှင့် သွင်းအားစုများ စနစ်တကျထည့်သွင်းစိုက်ပျိုးဖို့၊ ပေါင်းသတ်ဆေးနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး နည်းလမ်းတွေကို တောင်သူအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့အနက်မှ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ၃၂၅ ဧကလျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်သိန်းက ပြောကြားသည်။
ယခင်နှစ်က မိုးမြေပဲကို ၆၇၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၅၇.၅၈ တင်းခန့် ထွက်ရှိကြောင်းနှင့် ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)