စလင်းမြို့နယ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်း ဆောင်ရွက်

စလင်း ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ  ကွင်းအမှတ်၅၆၉၊  ဦးပိုင်အမှတ်  ၃၄၊  တောင်သူ  ဦးသန်းဌေးအောင်၏  လယ်မြေ  ၅.၀၀ ဧကတွင်၊  မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ  ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စိုက်ပျိုးရေးအရာရှိ  ဦးဇော်လင်းက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍  မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းရေး    မျိုးကောင်းမျိုးသန့်များ  စိုက်ပျိုးနိုင်စေရေး  သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး  ဆွေးနွေးပြောကြားခဲ့သည်။

စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊မိုးသီးနှံစိုက်ပျိုးဧရိယာ (၂၀၃၅၈)ဧက၊   စိုက်ပျိုးထုတ်လုပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ  မိုးဦးသီးနှံစုံ  (၉၂၂၅၂) ဧက၊  စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဆက်လက်၍ မိုးသီးထပ် စိုက်ဧရိယာများ  စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်းနှင့်  စိုက်ပျိုးမြေများတွင် နှစ်စဉ်ရာသီအလိုက် သီးထပ်သီးညှပ် သီးနှံစုံ  စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ပျိုးမြေသယံဇာတ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံသစ်စိမ်းမြေသြဇာ  စိုက်ပျိုးထည့်သွင်းခြင်း သီးနှံရိုးပြတ်စိုက်ခင်းများတွင် အကျိးပြုအီးအမ် ပက်ဖြန်း၍ ထယ်ထိုးထွန်မွှေပြုလုပ်ခြင်းနှင့် မြေခံမြေသြဇာများ ထိရောက်စွာ အသုံးပြုနိုင်ရေး တောင်သူများနှင့်အတူ စိုက်ပျိုးပညာပေးရေး လုပ်ငန်းအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ အကျိုးဆောင် တောင်သူများပူးပေါင်း၍ သစ်စိမ်းမြေဆွေး  ထည့်သွင်းခြင်းလုပ်ငန်း (၁၅၈)ဧက၊ အကျိုးပြုအီးအမ်ထည့်သွင်းခြင်း(၁၅၀)ဧကနှင့် လာမည့်နှစ်အတွက် သစ်စိမ်းပိုက်ဆံလျှော်  မျိုးစေ့ထုတ် (၁၀)ဧက၊ စိုက်ပျိုးထားရှိကြောင်း  သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသီဟဇော် မြို့နယ်စိုက်ပျိုးရေးအရာရှိ ဦးဇော်လင်းနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ  ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)