ကဝ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ) အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းလင်းက ဂရန်အင်းများ၊ တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းက ဂရန်အင်းများနှင့် တင်ဒါချက်များ လေလံတင်ရောင်းချခြင်း ဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဝမြို့နယ်အတွင်းရှိ ဂရန်အင်း(၁၁)အင်းနှင့် တင်ဒါချက် (၃၃) ချက်အား (ပထမ) အကြိမ် လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် ဂရန်အင်း(၃)အင်းနှင့် တင်ဒါချက်(၁၅)ချက် ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေသော အင်းများနှင့် တင်ဒါချက်များကို (၂၃.၇.၂၀၂၅)ရက်နေ့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် လေလံတင်ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)