လွိုင်ကော် ဇူလိုင် ၈
အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်တက္ကသိုလ်အား ယခုပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်ပညာသင်ကြားပေးနိုင်ရေးအတွက် တက္ကသိုလ်အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ပရဝဏ်အတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ် ပင်မသုံးထပ်ဆောင်သို့ ရောက်ရှိကာ ပင်မဆောင်အဆောက်အအုံရှိ ကျောင်းသားရေးရာဌာန၊ စုပေါင်းခန်းမ၊ အစည်းအဝေးခန်းမများနှင့် စာသင်ခန်းများ ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများနှင့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ပြုပြင်မွမ်းမံနေမှုအခြေအနေများများကို လှည့်လည်ကြည့်ရှုစစ်ဆေး ရာ လွိုင်ကော်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန ရုံးခန်းများ၊ စာသင်ခန်းများ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအားလည်းကောင်း၊ ကယားချယ်ရီနှင့် ကယားသဇင် ကျောင်းသူအိပ်ဆောင်၊ သန့်စင်ခန်းများနှင့် ထမင်းစားခန်းမများ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဆောင်ရွက် နေမှုများအားလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။ ထို့နောက်ပါမောက္ခဌာနမှူးများ အိမ်ရာများနှင့် တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံ ပြုပြင်မွမ်းမံနေမှုများနှင့် တက္ကသိုလ်ပရဝဏ် အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းအရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးအတွက် အားလုံးက အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေး အဖွဲ့များကလည်း စစ်ဆေးမှုများ မပြတ်ပြုလုပ်ပြီး အကြံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်စေရေးနှင့် အရည်အသွေး ကောင်းမွန်သည့် လုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုစေရေး စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ထို့နောက် တက္ကသိုလ်ပင်မသုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တက္ကသိုလ်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် စနစ်တကျ ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက တင်ပြပေးရန် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက အသီးသီးတင်ပြကြပြီး တက်ရောက်လာသည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေ အနေများနှင့် အခက်အခဲများ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)