သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)တွင် (၁၃) ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ၁၇၀၀ ဦးခန့် လာရောက်ပြသ

အင်းစိန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနအဆင့်မြင့် ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့)ကုသပေးလျက်ရှိရာ ယခု(၁၃)ကြိမ်မြောက်အဖြစ် ၁၇၀၀ ဦးခန့် လာရောက်ပြသခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ပြသလျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် မျက်စိဝေဒနာရှင်များအားအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရေးအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးကုသရန် စောင့်ဆိုင်းနေသည့် လူနာများကို ကြည်ရှု၍ အားပေးစကားများ ပြောကြားကြသည်။

ထို့သို့လာရောက်ပြသသည့်လူနာများကို ဖြစ်ပွားသည့်ရောဂါများအလိုက် မျက်စိအထူးကုဆရာဝန်ကြီးများက စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို