ငဖဲ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံနှမ်း ၁၂၃၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက် ၄၉၈ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် မိုးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ငရုတ်စို၊ ဖူးစားပြောင်းနှင့် နှမ်းများကို အများဆုံးစိုက်ပျိုးကြရာ လယ်မြေများတွင် မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်ထက် မိုးနှမ်းစိုက်ပျိုးမှုကုန်ကျစရိတ်ပိုမိုသက်သာပြီး နှမ်းဈေးကောင်းရရှိသောကြောင့် နှမ်းကို တစ်နှစ်လျှင်နှစ်သီးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က မိုးနှမ်း ၁၂၃၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၈.၇၆ တင်းခန့် ထွက်ရှိကြောင်းသိရသည်။
ယခုနှစ် မိုးရာသီနှမ်းသီးနှံကို ကျေးရွာအုပ်စုများတွင် စမုန်နက်နှမ်းမျိုး (၄၆၄၂) ဧက၊ ဆင်းရတနာ-၃ (၃၂၂၉) ဧက၊ သိပ္ပံနှမ်းနက် ၂၅၆၀ ဧက၊ ဆင်းရတနာ-၁၄ (၉၈၃) ဧက နှင့် ဆင်းရတနာ-၁၂ (၁၄၇၇) ဧက စုစုပေါင်း ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီးပြီး ၎င်းတို့အနက်မှ ပန်းတိုင်အထွက်နှုန်းရရှိရေး ဧက ၂၀၀၀ လျာထားထားကြောင်းနှင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးမှ ဦးဆောင်ကြီးကြပ်၍ ငဖဲမြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု (ငဖဲ)