ရေဦး ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ဘဏ်ဦးစီးဌာန အကြီးအကဲများ၊ ရေဦးကုန်း၊ ထန်းတော်၊ မကျီးတော၊ ကြာပန်းညို၊ မြို့ပေါ်ငါးရပ်ကွက်မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက မြန်မာနိုင်ငံမှာ တွင်ကျယ်စွာ အသုံးပြုနေသော သီးနှံပုံစံများနှင့် အခြေခံရမည့် အချက်များ၊ ရာသီဥတုသုံးမျိုးနှင့်ကိုက်ညီသော မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံတို့အတွက် စိုက်ပျိုးမည့် အချိန်ကာလ ရေးဆွဲသတ်မှတ် လုပ်ကိုင်ကြရန်နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးကြရန် ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကေသွယ်ဝင်းမောင်က ချေးငွေကြွေးကျန် မရှိသော တောင်သူများအား ပုံစံ(၇)နှင့်အတူ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနေမှုကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးငြိန်းသန့်က စပါးတင်း (၁၀၀)ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် အချက် (၁၄) ချက်ကိုလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဝောာင်သူများက စိုက်ပျိုးရေ၊ မြေဆီလိုအပ်ချက်များ၊ မြေပြုပြင်ရမည့်နည်းလမ်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန တာ၀န်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်စိုးကတိုက်ရိုက် မျိုးစေ့ချကိရိယာနှင့် ပတ်သက်၍ အသုံးပြုနည်းကို ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲတွင် တာဝန်ရှိသူများနှင့် ရေဦးကုန်း၊ ထန်းတော၊ မကျီးတော၊ ကြာပန်းညိုကျေးရွာများ၊ မြို့ပေါ်ငါးရပ်ကွက်မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
သန်းသန်း (ရေဦး)