စစ်တွေ ဇူလိုင် ၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၇ ရက်ညနေပိုင်းက စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုပြိုင်ပွဲသည် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ကျင်းပသည့် ဘောလုံးပြိုင်ပွဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ယနေ့ခေတ်လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားကို လေ့လာလိုက်စားမှကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ပညာထူးချွန်ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာအတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့် တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပိုင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်ရန်မှာကြားလိုကြောင်း၊ ယနေ့ကျင်းပသော ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အောင်အောင်မြင်မြင်နှင့် ပြိုင်ပွဲပြီးဆုံးအောင် ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် မိမိတတ်ထားသော ဘောလုံးပညာဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။
ဆက်လက်၍ အဖွင့်ပွဲစဉ်အဖြစ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းအသင်းမှ ၂ ဂိုး - ၀ ဖြင့် အနိုင်ရရှိသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ပန်းဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး