မန္တလေးတက္ကသိုလ်၌ သင်္ချာပါမောက္ခဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ်မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၈

မန္တလေးတက္ကသိုလ်၌ မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံပညာရှင် အဖွဲ့ဝင်ဖြစ်သည့် သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ် မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာ ရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတက္ကသိုလ် (URC)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား‌ ပြောကြားပြီး မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ သုနန္ဒာက စာအုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် သင်္ချာပညာရပ်ဆိုင်ရာ (သုတ၊ရသ)စာအုပ်များကို မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံပညာရှင် အဖွဲ့ဝင်ဖြစ်သည့် သင်္ချာပါမောက္ခဒေါက်တာ ခင်မောင်ဆွေ(တက္ကသိုလ် မောင်သင်္ချာ)၏ ဇနီးသင်္ချာပါမောက္ခဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် မိသားစု (ကိုယ်စား) မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးနှင့် မြန်မာနိုင်ငံ သံတော်ဆင်သတင်းဌာန ဓမ္မသံတော်ဆင့်စာပေ အယ်ဒီတာချုပ် ဦးကျော်စွာဝင်းတို့က မန္တ‌လေးမြို့ပေါ်ရှိ မန္တလေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာတက္ကသိုလ်၊ တိုင်း‌ဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗြဟ္မစိုရ်စာကြည့်တိုက်များသို့ လှူဒါန်းခဲ့ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ သုနန္ဒာနှင့်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် မြန်မာနိုင်ငံ သံတော်ဆင့်သတင်းဌာန ဓမ္မသံတော်ဆင့်စာပေ အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အောင်ဇော်မင်း