သာစည် ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှထွန်းက သင်တန်းသား၊ သင်တန်းသူများအား လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းအကြောင်းကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ် (၁) တွင် သင်တန်းသား ဆရာ၊ ဆရာမ (၇၁) ဦးဖြင့် ဇူလိုင်လ ၇ ရက်မှ စတင်ဖွင့်လှစ်ပို့ချခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့အထိ သင်တန်းအပတ်စဉ် (၁၀) ကြိမ်ဖြင့် သင်တန်းသား၊ သင်တန်းသူ (၇၀၃)ဦးတို့အား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)