ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေး ဇူလိုင် ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်အဖွဲ့ဝင်များသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)သို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့် အလှူပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘေးသင့်ပြည်သူများထံ အချိန်မီထောက်ပံ့နိုင်ရေး၊ သိုလှောင်ရုံလက်စွဲနှင့်အညီ ပစ္စည်းများလေလွင့်ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းထားရှိရေး၊ ပစ္စည်းများထုတ်ပေးရာတွင် စနစ်တကျရှိစေရေးနှင့် စာရင်းဇယားများကို စနစ်တကျပြုစုမှတ်တမ်းတင်ထားရှိရေးတို့အတွက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ယမန်နေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည်  မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နားမကြားသောကလေးများကျောင်းရှိ ပင်မဆောင်အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် စာသင်ဆောင် အဆောက်အအုံ၊ အမျိုးသား/အမျိုးသမီး အိပ်ဆောင်အဆောက်အအုံ၊ စားဖိုဆောင်နှင့် ရိပ်သာအဆောက်အအုံများ၊ မူလတန်းကြိုကျောင်း အမှတ်(၂)ရှိ ပင်မစာသင်ဆောင်နှင့် ကလေးကစားကွင်းများ၊ ဒေးဝန်းမူလတန်းကြိုကျောင်းရှိ စာသင်ဆောင်နှင့် မန္တလေးလူငယ်သင်တန်းကျောင်းရှိ သုံးထပ်ဆောင်နှင့်ပင်မနှစ်ထပ်ဆောင်အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အပျက်အစီးများဖယ်ရှားရှင်းလင်းရေး၊ ယာယီအဆောင်များနှင့်အဆောက်အအုံများ တည်ဆောက်နိုင်ရေး၊ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည်များကို မှာကြားခဲ့ပြီး အဆိုပါကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်