ငဖဲမြို့နယ်တွင် မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီ၌ မိုးစပါးနှင့်အခြားမိုးသီးနှံစုံ ၄၀၂၃၀ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိ မိုးသီးနှံစုံ ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်ရေလှောင်တမံဆည်ရေနှင့် ရင်းရှည်ရေလှောင်တမံဆည်ရေတို့ကို အဓိကအားထားပြီး နွေ၊မိုး၊ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေလှောင်တမံများမှ ဆည်ရေကို လက်ဝဲ၊ လက်ယာ မြောင်းမကြီးတစ်လျှောက် စနစ်တကျဆည်ရေ ဖြန့်ဝေပေးသည့်အတွက် တောင်သူများစိုက်ပျိုးသောသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခု ၂၀၂၅ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် အစိုးရဆည်ရေနှင့်ဆည်ငယ်ကန်ငယ်များမှ ရေကိုအမှီပြု၍ မိုးစပါးသီးနှံ ၄၅၅ ဧက၊ နှံစားပြောင်း ၈၉ ဧက၊ ဖူးစားပြောင်း ၃၁၁ ဧက၊ မြေပဲ ၄၆၉ ဧက၊ နှမ်း ၁၂၈၉၁ ဧက၊ နေကြာ ၃၀၆ ဧက၊ သစ်ဆိမ့် ၁ဧက၊ ပဲစဉ်းငုံ ၄၃၄၁ ဧက၊ ပဲတီစိမ်း ၂၉၈ ဧက၊ ငရုတ် ၁၅၀ ဧက၊ ငရုတ်ကောင်း ၃၂၇ ဧက၊ ကော်ဖီ ၁၅၃၂ ဧက၊ လက်ဖက် ၃၂၀ ဧက၊ ပရဆေးပင်များ ၂၀၄ ဧက၊ ကွမ်း ၇ ဧက၊ ကျွဲနွားစာ ၁၆၀၉ ဧက၊ ဝဥ ၅၇ ဧက၊ ဟင်းသီးဟင်းရွက် ၁၇၄ ဧက၊ ငှက်ပျော ၂၃၆ ဧက၊ အုန်း ၃၅ ဧက၊ ထန်း ၃၉ ဧက၊ သစ်သီးပင်များ ၁၁၀၂ ဧက၊ အစေ့ကြားကြက်ဆူ ၅၇ ဧကနှင့် အခြားသီးနှံ ၃၅၉ ဧက စုစုပေါင်း ၂၅၃၆၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံများ စိုက်ပျိုးရာတွင်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစု ပစ္စည်းများ၊ သီးနှံမျိုးစေ့နှင့်ပျိုးပင်များ ကူညီထောက်ပံ့ပေးခြင်းဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အွန်လိုင်းမှလည်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)