ပွင့်ဖြူ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာပြည်သူများထံ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာနေပြည်သူများ လူနေမှုဘဝမြင့်မားစေရန်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ယခု ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ကျေးရွာပြည်သူများထံသို့ လုပ်ငန်းအပ်နှံပေးသွားမည်ဖြစ်ပြီး ရာသီမရွေး သွားလာအသုံးပြုနိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက လက်ပံချည်ပေါ်ကျေးရွာ၌ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး မှတ်တမ်းဖိုင်များကို ကျေးရွာစီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ရာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လက်ပံချည်ပေါ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ ၄၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်ပံ့ပိုးငွေကျပ် (၁၅) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၅) သန်း၊ စုစုပေါင်း ငွေကျပ် သန်း(၂၀)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများအား ယခုနှစ် ဇွန်လ (၁၃)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)