ပေါင်မြို့နယ် သဲကုန်းကျေးရွာ၌ ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား

ပေါင်   ဇူလိုင်    ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်ကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်းနေ မခိုင်အိဖြူနေအိမ်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို ဦးဆောင်၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ သဲကုန်းကျေးရွာ၊ ဘုန်းကြီးလမ်းရှိ မအိဖြူခိုင်သည် နေအိမ်၌ ထမင်းအိုးတည်ပြီး ထားခဲ့ရာမှ အနီးရှိနံရံအား မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဒေါ်လှကြည်၏ ၁၇ x ၂၆ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ဦးထွန်းအေး၏ ၁၆ ×၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ဦးသန်းနိုင်၏ ၂၀×၃၅ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ မခိုင်အိဖြူအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)