မိုင်းဆတ် ဇူလိုင် ၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကို မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၁)၊ ပညာအားမန်ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မိုင်းဆတ်မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ် ကလေးအလုပ်သမားလျှော့ချရေးနှင့် ၎င်းတို့၏အခွင့်အရေးများရရှိရေးအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/သူများက သိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထက်ထက်(မိုင်းဆတ်)