သထုံမြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

သထုံ     ဇူလိုင်    ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ‌သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ရွှေဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချကာ မိမိတို့မိသားစုနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိကြိုးစားကြရေး အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းသုံးပစ္စည်းများ၊ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦးတက်ရောက်ကြပြီး ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Scrub နှင့် ဆပ်ပြာခရင်မ် အမျိုးမျိုးတို့ကို ၇ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း အခြေခံသင်တန်းပြီးစီးပါက မွမ်းမံသင်တန်းကို ၇ ရက်ကြာ ထပ်မံသင်ကြားပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ထူးချွန်ပြီး လုပ်ငန်းထူထောင် လိုသူတို့အားရွေးချယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)