သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ ပြုလုပ်

သထုံ ဇူလိုင် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နန်းခဲရပ်ကွက်ရှိ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးထွန်းအောင်ဖြူက အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများဦးဆောင်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။

အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့တို့ရှိ ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တစ်ဦးစီတို့နှင့် အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၁ ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)