ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက စာကြည့်တိုက်ရှိ သုတရသစာအုပ်များအား စာအုပ်မိတ်ဆက်ဆောင်ရွက်ပြီး စာအုပ်စာပေများ ဖတ်ရှုလေ့လာ၍ ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း များကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ တက်ရောက်လာသည့်  Book Club အဖွဲ့ဝင် ဒေါ်ဟန်နီထွန်း က ၂၀၂၄ ခုနှစ် မတ်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်ပါ ကိုကျော်စွာ (ကျိုက်ပိ) ရေးသားသည့် လူငယ်ဘဝမြင့်မားဖို့ ဗလငါးတန်ဖြည့်ဆည်းစို့ ဆောင်းပါးပါ  ယနေ့ခေတ်တွင် ဘဝအောင်မြင်ရေးကို ပိုမိုဦးစားပေးဆောင်ရွက်လျက်ရှိသည့် လူငယ်မောင်မယ်များ အနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ရှိရန် လိုအပ်သည့်အပြင် ဗလငါးတန်နှင့်ပြည့်ဝအောင် ကြိုးစားနေထိုင်ရန်မှာလည်းအရေးကြီးကြောင်း၊ Grade-10 ကျောင်းသား မောင်မင်းသန့်ကိုက သန့်လွင်ထွန်း (MPA) ရေးသားသည့် ကလေးအလုပ်သမားပပျောက်ရေး  ဆောင်းပါးပါ ကလေးအလုပ်သမားဖြစ်စေသည့် အခြေခံအကြောင်းတရား၊ ကလေးလုပ်သား ပုံစံအမျိုးမျိုးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဘက်စုံဖြေရှင်းရမည့် နည်းလမ်းများအကြောင်းတို့ကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)