အထက်မင်းလှ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ငလျင်ဘေးကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ခံစားရမှုများ လျော့နည်းသက်သာစေရန်အတွက် ငလျင်ဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးဖြစ်ပွားချိန်တွင် ပြုမူဆောင်ရွက်ရန်နည်းလမ်းများကို သိရှိပြီး မိမိတို့၏အသက်အန္တရာယ်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငလျင်ဘေးသဏ္ဍာန်တူသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေးအတွက် လူနာများအား ဆေးကုသပေးမှုနှင့်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခြင်း၊ အဆောက်အဦအတွင်းရှိ လူနာများအား ရှာဖွေကယ်ထုတ်ပေးခြင်းနှင့် ကုသဆောင်ရွက်ပေးခြင်းတို့ကို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)