နတ်မောက် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ-တွဲဖက်)က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်ရာ မိမိဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရမှာဖြစ်ပါကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုပြီး မှန်ကန်ကောင်းမွန်သည့် အသိပညာများစုဆောင်းရရှိထားခြင်းဖြင့် ဘဝတစ်လျှောက်လုံး ဖြတ်သန်းမှုအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မူမူစန်း