စစ်တွေ ဇူလိုင် ၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါမဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း၌ အသုံးပြုမည့် မဲပေးစက်များအား သယ်ယူပို့ဆောင်ရေးနှင့် ပစ္စည်းများစနစ်တကျထားသိုနိုင်ရေး၊ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် သင့်လျော်ကောင်းမွန်သောနေရာတွင်ထားရှိနိုင်ရေး လိုအပ်သည်များကို စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ယခုသင်တန်းတွင် မဲပေးစက် တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျသင်ကြားပြသပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း ပျက်ကွက်မှုမရှိစေရေး၊ သင်တန်းစည်းကမ်းလိုက်နာရေး၊ သင်ကြားလေ့ကျင့်ပေးသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စာတွေ့၊ လက်တွေ့သင်ခန်းစာများကို နားလည်တတ်မြောက်စေရေး အလေးထားလေ့လာမှတ်သားကြပြီး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လက်တွေ့လေ့ကျင့် လိုက်နာဆောင်ရွက်သွားကြရန်နှင့် အမျိုးသားရေးတာဝန်အဖြစ် အလေးအနက်ခံယူကာ ပူးပေါင်းဆောင်ရွက်သွားကြမှာကြားလိုကြောင်းနှင့် နည်းပြသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချပေးရမည်ဖြစ်သကဲ့သို့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်လည်း မဲရုံဝန်ထမ်းများအဖြစ် ကိုယ်တိုင်ပါဝင်ထမ်းဆောင် ကြရမည်ဖြစ်သည့်အတွက် မဲပေးစက်နှင့်ပတ်သက်၍ သိရှိနားလည်အောင် ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်အောင် လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောစုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ ယင်းနောက် ပြည်ထောစုင်ရွေးကောက်ပွဲကော်မရှင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်း၊ သရုပ်ပြသခြင်းတို့အား လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြများက မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုပုံများကို နှစ်ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်သည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး