အိမ်မဲ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြိုနယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး ၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယနှင့် မဟာသဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အရ ဗောဓိမြိုင်ဆရာတော် ဘဒ္ဒန္တပညာစက္က ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို တက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးအိမ်မဲမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တမဟိန္ဒ မိုးကုတ် (၂၉) ဓမ္မရိပ်သာ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးကြွရောက်တော်မူ လာကြသော သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားရွတ်ပွားချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးမက သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့ပြီးအဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ကွင်းကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော်၏ ထေရုပ္ပတ္တိအား ဓမ္မမေဒနီကျောင်းတိုက်ဆရာတော်မှ ဖတ်ကြား ပူဇော်ကာ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ကွင်းကျောင်း ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ အရှင်သူမြတ်အား နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများကိုလည်းကောင်း မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဗောဓိမြိုင်ကျောင်းတိုက် ဆရာတော် ဘုရား၏ ထေရုပ္ပတ္တိအား ဆင်ဆိပ်ရွာ၊ ပတ္တမြားကျောင်းတိုက်ဆရာတော်မှ ဖတ်ကြားပူဇော်ကာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဗောဓိမြိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာစက္ကအရှင်သူမြတ်အား နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများကိုလည်းကောင်း ကြွရောက်တော်မူ လာကြသည့် ပင့်သံဃာအရှင်သူမြတ်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းခြင်းများကို လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများကဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အိမ်မဲမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တမဟိန္ဒ မိုးကုတ် (၂၉) ဓမ္မရိပ်သာ ဆရာတော်ဘုရားမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှအတန်းပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
ချစ်သက်လယ်