ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယိုမျိုးစုံပြုလုပ်နည်း သင်တန်း အခမဲ့ဖွင့်လှစ်

ကျောက်ပန်းတောင်း ဇူလိုင် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရန်အတွက် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း(ယိုမျိုးစုံ) ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာမ ဒေါ်နန်းမြင့်ဦးက မိတ်ဆက်စကား ပြောကြား၍ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယနေ့ဖွင့်လှစ်သည့် ယိုမျိုးစုံပြုလုပ်နည်းသင်တန်းကို မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် (၇-၇-၂၀၂၅) ရက်နေ့မှ (၁၁-၇-၂၀၂၅) ရက်နေ့ထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ (၅) ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ကျေးရွာအသီးသီးမှ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သဲသဲ(ပြန်/ဆက်)