မိတ္ထီလာ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)များ လက်တွေ့ကိုင်တွယ် အသုံးပြုနည်းသင်တန်း(ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် နံနက် ၉နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင့်ဦး က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) များ အသုံးပြု၍ သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ သင်တန်းကို ဇူလိုင် ၇ ရက်မှ ၃၁ ရက်အထိ သင်တန်း(၁၀)ကြိမ်ဖြင့် သင်တန်းသား၊ သင်တန်းသူ ၉၂၀ ကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ နှင့် ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)