မိုင်းကိုင်မြို့နယ်၌ (၁၆) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (၁၆) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း၊ ဝါဆိုဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မနက်ပိုင်းက မိုင်းကိုင်မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့၏ နာယကဆရာတော် ဘဒ္ဒန္တရေဝတ၊ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရနှင့် အကျိုးတော်ဆောင်ဆရာတော် (၉) ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး  မြို့နယ်သံဃနာယကအဖွဲ့နာယက၊ မွေတော်မြောက်ကျောင်း၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တရေဝတထံ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမောင်တင်ဦးနှင့် တာဝန်ရှိသူများက ကြွရောက်လာကြသော ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ  မြို့နယ်သံဃနာယကအဖွဲ့နာယကဆရာတော် ဘဒ္ဒန္တရေဝတထံ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ  ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်သံဃ နာယကအဖွဲ့နာယက၊ မွေတော်မြောက်ကျောင်းဆရာတော်  အမှူးထားသည့်  ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်းသိရသည်။

ချော(မိုင်းကိုင်)